ရွှေကူမြို့၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ရွှေကူ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေး ဟောပြောခြင်းနှင့် စာဖတ်ဝိုင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဇေယျသုခ ခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာကိုထိရောက်စွာ ရေးနိုင်ဖတ်နိုင်စေရန် ကြိုးစားသင်ယူ၍ ဉာဏ်အမြော်အမြင်ဖြင့် ပြည့်စုံသည့် လူ တော်လူကောင်းများ ဖြစ်လာစေရန် ပျင်းရိခြင်းမရှိဘဲ လေ့လာသင်ယူကြရန် “ငါးသုံးကောင်ပုံပြင်” နှင့် “မပုကြွယ်နှင့် ခရုငယ်” ပုံပြင်များကို ဥပမာထား၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကြိုတင်ကာကွယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး စသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ပြသခဲ့ကြရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)