မလှိုင်မြို့နယ်တွင် လူဦးရေဆိုင်ရာအချက်အလက်များ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း လမ်းညွှန်ဆွေးနွေးပွဲကျင်းပ

မလှိုင် အောက်တိုဘာလ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူဦးရေဆိုင်ရာအချက်အလက်များ တိုင်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း လမ်းညွှန်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊ ကျေးရွာ(၂၄၇)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့မှ မြေပြင်လူဦးရေ စာရင်းများကို ကောက်ယူခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန (မြို့နယ်ဦးစီးမှူးရုံး)ရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များကို အခြေခံပြုစုထားသော လူဦးရေစာရင်းတို့နှင့် တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန (မြို့နယ်ဦးစီးမှူးရုံး)နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့ရာ သေဆုံးသူများ၊ နေထိုင်မှုမရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ရှိပြီး မြေပြင်တွင်နေထိုင်မရှိသူများ၊ (၆၆/၆) မရှိသော်လည်း မြေပြင်တွင်နေထိုင်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူတို့အား စိစစ်တွေ့ရှိသဖြင့် မှန်ကန်မှုရှိစေရေးအတွက် ယခုကဲ့သို့ လုပ်ငန်းလမ်းညွှန်အဖြစ် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာကြသူတို့မှ လုပ်ငန်းခွင်တွင်တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၅၆)ဦး၊ စာရေးဝန်ထမ်း(၅၆)ဦး၊ စုစုပေါင်း (၁၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)