တောင်သာ အောက်တိုဘာ ၂၁
တောင်သာမြို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း (တောင်သာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာများဟောပြောခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က လူငယ်နှင့်ပညာရည်မြင့်မားရေးအတွက် ဟောပြောဆွေးနွေးခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးက မီးဘေးနှင့် လေဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း စသည်များအား အသီးသီးဟောပြောကြပြီးနောက် အခြေခံပညာအထက်တန်းကျောင်း (တောင်သာ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်ကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး(၁)လုံးနှင့်ခြင်းလုံး(၃)လုံး စုစုပေါင်းငွေကျပ် ငါးသောင်းနှစ်ထောင်တန်ဖိုးရှိသည့် အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်းပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ စက်ဘီးစီးခြင်း၏ အကျိုးကျေးဇူးများ၊ လေဘေးနှင့်မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)