ဟိုပန် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အမှတ်(၁၂၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဟိုပန်)မှ ဒုတိယရဲမှူး ထွန်းဇော်မျိုးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသွား၊ကျောင်းပြန်များတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်မတော်တဆမှုများဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ဆိုင်ကယ်ဦးထုပ်များ မဖြစ်မနေဆောင်းကြရန်နှင့် မော်တော်ယာဉ်စီးနင်းမောင်းနှင်ရာတွင် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများ စသည့် အကြောင်းအချက်များကို ပရိုဂျက်တာဖြင့်ပြသ၍ အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူ (၂၈၀)ဦး တို့အား အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)