တောင်သာ အောက်တိုဘာ ၂၁
တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အထကောင်းများရရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်က တောင်သာမြို့နာရီစင်အနီး တောင်သာ-ရန်ကုန်ကားလမ်း၊ တောင်သာ-ကျောက်ပန်းတောင်းကားလမ်း၊ တောင်သာ-မိတ္ထီလာ ကားလမ်းဆုံရာ လမ်းဘေးဝဲ/ယာ၌ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်စေရေး၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များပူးပေါင်း၍ Mask အခုရေ(၃၀၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)