သီပေါမြို့နယ်တွင် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်

သီပေါ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပလတ်စတစ်ကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုး၊ အန္တရာယ်၊ ပလတ်စတစ် ကင်းမဲ့စွာနေနိုင်မည့်နည်းလမ်း၊ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က ကလေးသူငယ်အခွင့်အရေးများအကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပလပ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုး၊ အန္တရာယ်၊ ဖြစ်ပေါ်လာနိုင်သည့်ရောဂါများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)