မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကျင်းပ

မိုင်းကိုင် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့မနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အရန်သားဖွားဆရာမများနှင့် လူငယ်လူရွယ်များ  စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်နန်းလှိုင်လှိုင်ဦးက  "လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေချင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးဟိန်းကျော်သူ က  "အခြေခံလူ့အခွင့်အရေးအကြောင်း သိကောင်းစရာ " ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောရာ  တက်ရောက်လာကြသော  လူငယ်လူရွယ်များက  မိမိတို့သိရှိလိုသည်များကို အသီးသီးပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ လောကနီတိ အဆိုအမိန့်များ စသည့်အကြောင်းအရာပါ  နေဝန်းနီနံရံကပ်စာစောင်၊ တပ်မတော်၊ ဒေသအာဏာပိုင်၊ ဌာနဆိုင်ရာများနှင့် ပြည်သူတို့ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ ဒေသဖွံ့ဖြိုးရေးမှတ်တမ်းဓာတ်ပုံများ၊ လူငယ်ဘဝမြှင့်တင်ရေး ဗဟုသုတရစေမည့် သုတ/ရသ စာအုပ်စာပေများ  ပြပွဲပြခန်းကို ဆက်လက်ဖွင့်လှစ်ပြသပြီး၊ နယ်မြေခံတပ်မှတာဝန်ရှိသူများက နိုင်ငံတော်၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အကြောင်းအရာများကို ရေးသားဖော်ပြထားသည့် ရှမ်းအိုးစည် လက်ကမ်းစာစောင်တို့ကို အခမဲ့ဖြန့်ဝေကာ လူငယ်လူရွယ် အသိပညာတိုးပွားရေး   ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)