ကွတ်ခိုင် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အတွင်း ပြည်ထောင်စုလမ်းမပေါ် သွားလာသည့် ခရီးသွားပြည်သူများ၊ မြို့မဈေး အတွင်း/အပြင်နှင့် လူစည်ကားရာ နေရာများသို့ ကွတ်ခိုင်မြို့၊ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းနှင့် အခြားသော လူမှုရေး အသင်းအဖွဲ့များက ယမန်နေ့ နံနက်ပိုင်း၌ နှာခေါင်းစည်းများနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းများ အခမဲ့ လိုက်လံ ဖြန့်ဝေပေးသည်။
“ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြည်တွင်းကူးစက်မှုက မြှင့်တက်နေတယ်၊ ဒါကြောင့် ကျွန်တော်တို့မြို့မှာ ကူးစက်မှုတွေ မရှိအောင် အတတ်နိုင်ဆုံး ပူးပေါင်းကွယ်သွားမယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ တခြားသော လူမှုရေးပရဟိတ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ထုတ်ပြန် ကြေညာချက်တွေ၊ အသိပညာပေးတွေကို ရပ်ကွက်/ကျေးရွာ အတွင်းမှာရှိတဲ့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဖို့ အသိပေး နှိုးဆော်တာတွေ လုပ်ဆောင်သွားမယ်"ဟု ကွတ်ခိုင်မြို့၊ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ ကိုတင်ဝင်းက ပြောသည်။
ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေး ပရဟိတ အသင်းအဖွဲ့ ပေါင်းစုံများက ပူးပေါင်း၍ လူစည်ကားသည့် နေရာများနှင့် မြို့ အဝင်/ထွက် ရှိ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးစခန်းတို့၌ ဝင်/ထွက် သွားလာသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်း လုပ်ငန်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း (ပြန်/ဆက်)