ငါန်းဇွန် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အလယ်တန်းအဆင့်ကျောင်းသား ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး၌ ပြသထားသော မြေစိုက်နံရံကပ်ဘုတ်မှ မျောက်ကျောက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ကာကွယ် ရေးအကြောင်းကိုလည်းကောင်း၊ နံရံကပ်စာစောင်ပြသထားသော ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ပြည်သူ့ စာကြည့်တိုက်အတွင်း၌ သုတရသစာအုပ်စာစောင်များကိုလည်းကောင်း လေ့လာဖတ်ရှုကြသည်။
ထို့နောက် ကလေးစာဖတ်ခန်းအတွင်း၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြပြီး ပြခန်းငယ် (Mini Museum)အတွင်းသို့ ဝင်ရောက်လေ့လာကြည့်ရှုကြသည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲကျင်းပရာ ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)