စစ်တွေ အောက်တိုဘာ ၂၁
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ ရခိုင်ပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်သူ၊ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်သုံးဆု၊ ငွေတံဆိပ်(၇) ဆု၊ ကြေး တံဆိပ်(၈) ဆု၊ နှစ်သိမ့်ဆုနှစ်ဆု၊ အထူးဆုတစ်ဆု အသီးသီးဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် နဝမအဆင့် ရရှိခဲ့သဖြင့် မိမိတို့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားလိုကြောင်း၊ ယခုကဲ့သို့ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ခြင်းသည်လည်း ပညာရှင်များ၊ နည်းပြဆရာ၊ ဆရာမများ၊ ကြီးကြပ်ဆောင်ရွက်ပေးကြသူများနှင့် ပြိုင်ပွဲဝင်များအားလုံးတို့က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်း ဖြစ်ကြောင်း၊ နောင်လာမည့် (၂၄) ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် လည်း ယခုထက်ပိုမိုမြင့်မားသည့်အဆင့်ဖြင့် အောင်မြင်မှုများရရှိနိုင်ရေးအတွက် လာမည့်တစ်နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ်မှ ရွက်ပုန်းသီးပညာရှင်များနှင့် ဝါသနာရှင်များအား ရှာဖွေဖော်ထုတ် လေ့ကျင့်ပေးခြင်း၊ ယခုနှစ်ပြိုင်ပွဲကြီးမှ အားနည်းချက်များ၊ အားသာချက်များကို သင်္ခန်းစာယူပြီး ပိုမို ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။
ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် ရခိုင်ပြည်နယ်ကဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုပမ်းဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်သူ၊ အဖွဲ့ခေါင်းဆောင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြရာ ဆုရရှိသူများကိုယ်စား ကြီးကြပ်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြီးကြပ်သူများ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေ ရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်အုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများသည် အောက်တိုဘာလ ၁၉ ရက်နေ့ညနေပိုင်းနှင့် ၂၀ ရက်နေ့နံနက်ပိုင်းတို့တွင် နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေလေဆိပ်သို့ ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)