ဆီဆိုင် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီနှံ) ရန်ပုံငွေများ ပထမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန့်နေ့က ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာခန်းမ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာခန်းမတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး ဒေါ်လွင်လွင်ဦးက “ပြည်ပမှစာသုံးဆီတင်သွင်းမှုလျော့ချရေးနှင့် ပြည်တွင်းစာသုံးဆီ ဖူလုံစေရေးအတွက်နိုင်ငံတော်မှ စာသုံးဆီတိုးမြှင့်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးသည့်တောင်သူများ လိုအပ်လျက်ရှိသော မျိုးစေ့၊ သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီနှံ)ဖြင့် အတိုးနှုန်းသက်သာသော ချေးငွေများ (အရင်းမပျောက်မတည်ရန်ပုံငွေများ) ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ဆီဆိုင်မြို့နယ်တွင် ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း (၃၂၂) ရွာ ရှိသည့်အနက် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်ရန်အတွက် ကျေးရွာများ ရွေးချယ်ရာတွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုရှိ/မရှိ အပေါ်အခြေခံ၍ စိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး နည်းပညာများရယူ၍ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်” ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်နှင့်တာဝန်ရှိသူတို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများက ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာမှ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်တောင်သူ (၉၈) ဦးအတွက် ငွေကျပ်သိန်း(၃၀၀)၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာမှ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်တောင်သူ (၁၉) ဦးအတွက် ငွေကျပ်သိန်း(၁၀၀)၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာမှ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်တောင်သူ (၇၈) ဦးအတွက် ငွေကျပ်သိန်း (၃၀၀) စုစုပေါင်း ဆီထွက်သီးနှံစိုက်ပျိုးသည့်တောင်သူ (၁၉၅) ဦးအတွက် ငွေကျပ်သိန်း (၇၀၀) ကို ပထမအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)