မိုးနဲမြို့နယ် ဆင်တောင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးနဲ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်ကျက်သရေဆောင် ဆင်တောင်ရှေးဟောင်းဘုရားစေတီ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မိုးနဲမြို့နယ် ဆင်တောင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆင်တောင်ဘုရားသမိုင်း၊ မြေပြင်လက်ရှိအခြေအနေ၊ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်လို အပ်သောနေရာများ၊ ထိန်းသိမ်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ သုံးစွဲရမည့်ကုန်ကျစရိတ်များနှင့် စပ်လျဉ်းပြီးပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆင်တောင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နယ်မြေထိန်းသိမ်းရေး ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းမောင်ကြီးက ရပ်နီး/ဝေးမှ စေတနာရှင်၊အလှူရှင်များထံမှ အလှူငွေလက်ခံရရှိမှု၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်နိုင်ရေးနှင့် ဆင်တောင်ဘုရား ရှေ့ဆက်ပြုပြင်ထိန်းသိမ်းရမည့် လုပ်ငန်းစဉ်များကိုလည်း‌ကောင်း၊ တက်ရောက်လာသောကော်မတီအဖွဲ့ဝင် အင်ဂျင်နီယာများနှင့် အဖွဲ့ဝင်များက လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အပိုင်းလိုက်တာဝန်ယူ ကြီးကြပ်သွားနိုင်ရေးကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆင်တောင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရန် ယနေ့အထိလှူဒါန်းငွေကျပ် ၂၂၆ သိန်းကို မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားရှိပြီး မကြာမီလုပ်ငန်းများ အပိုင်းလိုက် စတင်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စေတနာရှင် အလှူရှင်များအနေဖြင့် ကုသိုလ်ပြု ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)