တာချီလိတ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းမှုဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က တာချီလိတ်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ဝှေလေလန်) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ စာပေဖတ်ရူလေ့လာခြင်းဖြင့် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူကောင်းလူတော်များ ဖြစ်လာစေရေး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး၊ ရုပ်သံကျွမ်းကျင် (၃) ဦးမြသိန်းက ကျောင်းစာကြည့်တိုက်ရှင်သန်ရေးနှင့် လူငယ်နှင့်စာပေအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ပေါ်လင်းက သဘာဝဘေးအန္တရာယ်များ ရုတ်တရက် ကျရောက် လာနိုင်သည့်အချက်များ ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် အရေးပေါ်ဖြေရှင်းရမည့်နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက လေထုညစ်ညမ်းမှုအန္တရာယ်၊ ဇီဝလောင်ကျွမ်းခြင်းများ၊ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများအား အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာဆရာမများနှင့် ကျောင်းသား/ကျောင်းသူဦးရေ (၁၅၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)