ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၃၀၀၀ ကျပ်ထိ ဈေးတက်လာခြင်းကြောင့် ယခုနှစ်ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုများလာနိုင်

ညောင်ဦး  အောက်တိုဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်း ၃၀၀၀ ကျပ်ထိ ဈေးတက်လာကြောင်း လဲဂွကျေးရွာ ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

ဆောင်းကြက်သွန်နီဈေးနှုန်းများ မေလ၊ ဇွန်၊ ဇူလိုင်လတို့တွင် ကြက်သွန်နီတစ်ပိသာ ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ဈေးထိ ဈေးနှုန်းတက်ခဲ့ပြီး အောက်တိုဘာလ တတိယပတ်မှာပင် ကြက်သွန်ဈေးနှုန်း ထပ်မံမြင့်တက်ခဲ့ကာ တစ်ပိသာ ၃၀၀၀ ကျပ်ဖြစ်နေခဲ့ကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီအ များအပြား စိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက် စိုက်ပျိုးခြင်း၊ ကြက်မောက်တောင် ဆည် ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများ စိုက်ပျိုးခြင်းနှင့် စိတ္ထိန်း၊ကမ်းဖြူကျေးရွာများတွင်စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နှုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ဆောင်ကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက် ရကြောင်း၊ ရွေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင်ထွန် ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်းများ ကြိုတင် လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန ်အလုပ်သမား၊ အလုပ်သမ ငှားရမ်းရခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမအမြောက်အများ ငှားစိုက်ရခြင်းများက ကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်းနှစ် စဉ်နှစ်တိုင်းစိုက်နေကြဖြစ်နေခြင်းက ကြက်သွန်စိုက်သမားများ နှစ်စဉ်စိုက်ပျိုးစေကြောင်း မုန့်ကုန်းကျေးရွာ ဦးမင်းညိုက ရှင်းပြသည်။

ဆောင်းကြက်သွန်နီဈေးနှုန်းများ သုံးနှစ် ဆက်အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်ဩဂုတ်လ အတွင်းမှစပြီး ကြက်သွန်စိုက်ပျိုးတောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်း ဖြစ်ကာ သီတင်း ကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိတတ်ကြောင်း၊ ကြက်သွန်နီဈေးနှုန်း  ၃၀၀၀ ကျပ်ဈေးဖြစ်နေကာ ကြက်သွန်နီဈေးနှုန်း ဆက်လက်မြင့်တက် နိုင်ကြောင်း ကြက်သွန်နီ စိုက်ပျိုးတောင်သူများက ရှင်းပြ၍ သိရသည်။

ကိုကြေးမုံ