သာစည် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြိုန့ယ် ကြက်မောက်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးသော ပညာများဖြင့် မိသားစု စီးပွားရေးအထောက်အကူဖြစ်စေရန် ဆောင်ရွက်စေလိုကြောင်းနှင့် သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် သင်တန်းနည်းပြ၊ သင်တန်းသူများနှင့် ကူညီဆောင်ရွက်ပေးသူ များကို ကျေးဇူးတင်ကြောင်းပြောကြားသည်။ ဆက်လက်ပြီး ခေတ္တမြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဒေါ်နန်းမြင့်ဦးနှင့် သင်တန်းသူများအား အမှတ်တရလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သင်တန်းတွင် လက်တွေ့ပြုလုပ်ထားသော ဆပ်ပြာ အမျိုးမျိုး၊ ခေါင်းလျှော်ရည်များနှင့် လက်သန့်ဆေးရည်များကို လေ့လာကြည့်ရှုကြသည်။ အဆိုပါသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ သဘာဝခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လျှော်မွေးဆီ၊ ရေချိုးဆပ်ပြာရည်နှင့် လက်သန့်ဆေးရည် ပြုလုပ်နည်းများကို သင်တန်းသူ ၁၅ ဦးတို့အား ၁၀ ရက် ကြာပို့ချပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)