မိုင်းပန်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်

မိုင်းပန်     စက်တင်ဘာ     ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား (၆၈) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ သုံးသောင်းကျပ်ကို ယနေ့ နံနက် (၇) နာရီအချိန်မှစ၍ တာဝန်ရှိများမှ နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂ဝ၁၉-၂ဝ၂ဝ ခု၊ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ ဇွန်) အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ရုံးမှဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်နှင့် ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းတွင် မိုင်းပန်မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ ဘိုးဘွား(၄၅)ဦးနှင့် ကျေးရွာအုပ်စု (၆)အုပ်စုမှ ဘိုးဘွား(၂၃)ဦး စုစုပေါင်း (၆၈) ဦး တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ် (၂,ဝ၄ဝ,ဝဝဝ) အား အသီးသီးသွားရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ဆန်းမြင့် (ပြန်/ဆက်)