စဉ့်ကူးမြို့နယ်တွင် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

စဉ့်ကူး    အောက်တိုဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးမှ မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး "ပန်းခင်းစီမံချက်" ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများသည် သက်ဆိုင်ရာ မြို့နယ် လဝကရုံးများတွင် သွားရောက်ပြုလုပ်နိုင်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပို၍ ကိုင်ဆောင်ထားရှိပါက သက်ဆိုင်ရာလဝကရုံးများတွင် အမြန်အပ်နှံရမည်ဖြစ်ကြောင်း၊ (၁-၁၁-၂၀၂၂) ရက်နေ့ထိ ကတ်အပိုများ အပ်နှံခြင်းမပြုပါက‌ နောက်ဆုံးထုတ်ယူထားသော နိုင်ငံသား ကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြား (အမတ) ကိုင်ဆောင်သူများသည် နိုင်ငံသား စိစစ်ရေးကတ်သို့ ပြောင်းလဲရမည်ဖြစ်ကြောင်း၊  ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း (အထစ) နှင့်ပတ်သက်၍ ပုံစံ ၆၆/၆(အထစ) ပျောက်ဆုံး/ပျက်စီး နေသူများသည် မြို့နယ်လဝကရုံးသို့ သွားရောက်သတင်းပို့ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပုံစံ ၆၆/၆(အထစ)တွင် ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသားစိစစ်ရေးကတ်ရရှိပါက နိုင်ငံသား စိစစ်ရေးကတ် အမှတ်အား မြို့နယ်လဝကရုံးတွင် မဖြစ်မနေဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ပုံစံ ၆၆/၆(အထစ) အချက်အလက်များ ပြောင်းလဲမှုရှိသည့်အခါတိုင်း နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆(အထစ) မရှိသေးသူများသည် နီးစပ်ရာမြို့နယ်လဝကရုံးများတွင် သတင်းပို့ပါက "ပန်းခင်းစီမံချက်"အရ စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ကွဲလွဲမှုများအား နီးစပ်ရာမြို့နယ်လဝက ရုံးများသို့ သွားရောက်ဖြေရှင်ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည့် အသိပညာပေး အချက်များ ပါဝင်သည်။

ထိုသို့ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လဝက ဦးစီးမှူး ဦးရွှေဝင်းနှင့် ဝန်ထမ်းများ၊ မြိုနယ်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်သူများအား အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)