တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ဥက္ကလာပ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့၀င်များ၊   ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်နိုင်ရေး ညှိနိူင်းအစည်းအဝေးဆုံးဖြတ်ခဲ့ကြသည်။

စုပေါင်းမဟာဘုံကထိန်ပွဲအား ယခင်နှစ်များတွင် ကျင်းပခဲ့သည့်အတိုင်း အစဉ်အလာမပြတ် ကျင်းပမည်ဖြစ်ပြီး အင်အားများသည့်ဌာနဆိုင်ရာများ၊ ရပ်ကွက်များအနေဖြင့် တစ်ဌာန၊ တစ်ရပ်ကွက်လျှင် ပဒေသာပင်တစ်ပင်နှုန်းနှင့်အထက် လှူဒါန်းမည်ဖြစ်ကြောင်း၊ အင်အားနည်းသည့်ဌာနဆိုင်ရာများအနေဖြင့် နှစ်ဌာန၊ သုံးဌာန အချင်းချင်းစုပေါင်း၍ ပဒေသာပင်တစ်ပင်နှုန်း လှူဒါန်းမည်ဖြစ်ကြောင်း အစည်းအဝေးညှိနှိုင်းတိုင်ပင်ဆွေးနွေးချက်များအရ သတင်းရရှိသည်။

ခင်ဆွေနှင်း( ပြန်/ဆက်)