နမ့်ဆန် အောက်တိုဘာလ ၂၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂ခုနှစ် တအာင်းလူငယ် အမျိုးသားဘောလုံးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန်းဇော်မှ တအာင်းလူငယ်ဘောလုံးပြိုင်ပွဲ ကိုနမ့်ဆန်မြို့နယ်မှ အိမ်ရှင်အဖြစ် နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လာရောက်ယှဉ်ပြိုင်မည့် ဘောလုံးအသင်းများအား နေထိုင်ရေးကို မြို့မဘောလုံးကွင်းအတွင်းရှိ အဆောက်အဦတွင် စီစဉ်ထားရှိကြောင်း ကွင်းအတွင်း ရေမီးအခက်အခဲများရှိသဖြင့် သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပေးစေလိုပါကြောင်း တအာင်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးစောလွင်မှ ဘောလုံးကွင်းအဝင်ကားလမ်း ကားဝင်ရန်ခက်ခဲသဖြင့် မည်သို့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဒေသစီမံအု်ပချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော်မှ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည့် ရေ၊ မီး၊ လမ်းအခက်အခဲများအား သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးနိုင်မှ ကုန်ကျမည့်အသုံးစရိတ်များ လာရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများ၏ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ယှဉ်ပြိုင်ကစားကြရာတွင် ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေး၊ အနိုင်ရရှိသည့် အသင်းများကို ဒိုင်းဆုဖလား(ဆုငွေ) ပထမဆု ကျပ်(သိန်းတစ်ဆယ်)၊ ဒုတိယဆု ကျပ်(ခုနှစ်သိန်း)၊ တတိယဆု ကျပ်(ငါးသိန်း) ချီးမြင့်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြီး ဖိတ်ခေါ်ဖလားပြိုင်ပွဲကို မြို့နယ်ပေါင်း(၁၀)မြို့နယ်မှ အားကစားသမားပေါင်း (၂၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း အဆိုပါ တအာင်းလူငယ် အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်