ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြသ

ကွမ်းခြံကုန်း  အောက်တိုဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့နံနက်က ကွမ်းခြံကုန်းမြို့နယ်ကမာပါကျေးရွာ အ-မ-ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်နှင့်အကျင့်စာရိတ္တအကြောင်းအရာတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမူဆိုင်ရာသိကောင်းစရာနံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုက်ကလုန်းမုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနံရံကပ်စာစောင်များ ပြသထားရာကျောင်းသား၊ ကျောင်းသူများမှ   စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(IPRD)