တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား   အောက်တိုဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က တံတားမြို့၊ ဇီးဖြူပင်ကျေးရွာအတွင်းရှိ အ.မ.က(မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကိုဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေမှရရှိသောအသိအမြင်များကြောင့်သူတစ်ပါး၏လိမ်လည်ဖြားယောင်းမှုကိုမခံရကြောင်း၊ စာအုပ်စာပေသည်မိမိတို့၏ မိတ်ဆွေစစ်များဖြစ်ကြောင်း၊ လူကုန်ကူးမှု ဖြစ်ပေါ်လာပုံနှင့်လူကုန်ကူးမှုအန္တရာယ်များ အကြောင်းပြောကြားကာ ကျောင်းသားကျောင်းသူများအား အသိပညာတိုးပွားလာစေရန် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့်စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ သုတ၊ ရသ၊ စာအုပ်များပြသ ဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ ( တံတား )