မိတ္ထီလာ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်အောင်ကုန်းကျေးရွာတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇) ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အိမ်ခြေ ၉၈ အိမ် ၊ အိမ်ထောင်စု ၁၀၇စု လူဦးရေ ၇၀၄ ဦးရှိသည့် ဆည်အောင်ကျေးရွာအုပ်စု ဆည်အောင်ကုန်းကျေးရွာတွင် (၇) ကြိမ်မြောက်အဖြစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၄ ဦးအား ထုတ်ချေးငွေ ကျပ် ၃၈.၅ သန်းကို ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ် လုပ်ငန်းတို့ကို စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ သိန်း (၃၀၀) ကို ဆပ်/ထုတ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)