မလှိုင်၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံငွေများပေးအပ်ပွဲ ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်/ကျေးစာရေးများမှ တဆင့် ပေးအပ်ခဲ့ကြောင်းသိရသည် ။
ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင် က အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး က ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော ဝင်ငွေနည်း မိသားစုများအား နိုင်ငံတော်မှထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ပြီး၊ အဆိုပါငွေများမှ မည်သည့် အခကြေးငွေကိုမျှ ဖြတ်တောက်ခြင်း မပြုပဲ ချက်ခြင်းပြန်လည်ဖြန့်ဝေပေးသွားရန် မှာကြားခဲ့သည် ။
ယင်းနောက် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၆ ) အုပ်စုမှ အိမ်ထောင်စု (၂ဝ၅ဝဝ ) ကို တစ်အိမ် ထောင်လျှင် ငွေကျပ် (၂ဝဝဝဝ) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း (၄၁ဝဝ ) ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များ က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများထံပေးအပ်ခဲ့ပြီး ၎င်းတို့မှတဆင့် အိမ်ထောင်စု များသို့ ပြန်လည် ထုတ်ပေး သွားမည်ဖြစ်သည် ။
ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးနှင့် သက်ဆိုင်သော လုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေ စေရေး အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) မှ ထောက်ပံ့သော (Hand Speaker ) နှင့် (Thermometer )တစ်ခုစီကို ကျေးရွာအုပ်စု (၅၆) အုပ်စုသို့ ဖြန့်ဝေ ပေးခဲ့ပြီး မြို့နယ်အတွင်း Quarantine ဝင်နေသူများ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ခေါက်ဆွဲ ခြောက်ထုတ် (၁၁၂ ) ကာတွန့်ကို သက်ဆိုင်ရာကျေးရွာ အုပ်ချုပ် ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)