ပန်းဘဲတန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသင်းဝင်အသစ်များအား ဝတ်စုံများပေးအပ်

ပန်းဘဲတန်း   အောက်တိုဘာ    ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိရွှေစင်မောင်မောင်က မြို့နယ်အနေဖြင့် လစဉ်ပုံမှန်အစည်းအဝေးကို တစ်လလျှင် ၂ ကြိမ် ဆောင်ရွက်ရန်၊ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်ပြီး အသိပညာပေးများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ ယခုလတွင် အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းကူညီပေးပါရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ပန်းဘဲတန်းမြို့နယ်အတွင်း အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် အသစ်များအား ဝတ်စုံများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်ဦးဆန်းကြည်