ငါန်းဇွန် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ပြည့်ဝစေကြောင်း အသိပညာပေး ဆွေးနွေးဟောပြောပြီး ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာ အသိပညာပေး” ခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေးဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအတွက် ပေးအပ်ရာ ဆရာမတစ်ဦးမှ လက်ခံရယူသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက ကျောင်း သားကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစား အလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူဖြစ်စေကြောင်း “အားကစားနှင့်လူငယ်ရေးရာ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောကာ ကျောင်းတွင်းအားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဆရာမများမှ လက်ခံရယူသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)