နောင်ချို အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကလေးအလုပ်သမားပပျောက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဟောပြောရာတွင် အရွယ်မတိုင်မီ ကလေးငယ်များလုပ်ငန်းခွင်သို့ ရောက်ရှိရခြင်း၏ အဓိကအကြောင်းအရင်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး၊ ကလေးငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ကလေးအလုပ်သမားပပျောက်ရေးကြိုတင် ကာကွယ်တာဆီးရမည့်အချက်များ၊ ကလေးငယ်များအပေါ် မတရားညှင်းပန်းနှိပ်စက်မှု၊ အဓမ္မစေခိုင်းမှုများ ကြုံတွေ့ရပါက ဆက်သွယ်အကူအညီ တောင်းခံရမည့် နည်းလမ်းများစသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဥပမာ၊ သာဓကများဖြင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)