ပျော်ဘွယ် အောက်တိုဘာ ၂၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက ယင်းတော်မြို့မကျေးရွာရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (ယင်းတော်) တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကြုံတွေ့လာနိုင်သည့် အခြေအနေများ၊ မူးယစ်ဆေးဝါးကင်းစင်သည့် ဘဝနေထိုင်နည်းများ၊ မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးစွဲသူရှိလာပါက ဖြတ်တောက်နိုင်ရန်အကြံပြုနိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်နည်းလမ်းများ၊ ပညာရေးကို ထိခိုက်မှုမရှိစေဘဲ စာပေလေ့လာဖတ်ရှုနိုင်သည့် နည်းလမ်းများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အထက (ယင်းတော်) ရှိ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)