ပင်လောင်းမြို့နယ်တွင် ကော်ဖီစိုက်ပျိုးတောင်သူများအား စိုက်ပျိုးနည်းပညာပေးသင်တန်းပို့ချ

ပင်လောင်း အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်ပျိုးသည့် တောင်သူများအား ကော်ဖီစိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက လိန်းညားကျေးရွာအုပ်စု ဝါးပြုံးကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမာက ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနည်းနှင့် အပင်ပြုစုထိန်းသိမ်းနည်းများကိုလည်းကောင်း၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးစိုင်းတိုးတက်ပိုင်က ကော်ဖီတွင်ကျရောက်သော (Coffee Stem Borer) ပင်စည်ထိုးပိုးနှင့် အခြားပိုးရောဂါကျရောက်မှ ကာကွယ်နှိမ်နှင်းနည်းနှင့် လက်တွေ့ကိုင်းဖြတ်ပြုပြင်နည်းများကိုလည်းကောင်း သင်တန်းပို့ချပေးခဲ့ကြောင်း၊ သင်တန်းသို့တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကော်ဖီအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် ကော်ဖီစိုက်ပျိုးတောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများနှင့် ကော်ဖီစိုက်တောင်သူများက ၎င်းတို့စိုက်ပျိုးထားသည့် ကော်ဖီပင်များကို ကွင်းဆင်းလေ့လာကြည့်ရှုကြပြီး ကော်ဖီပင်များကြီးထွားမှုရှိစေရန်နှင့် အသီးများ အထွက်တိုးစေရန်အတွက် လိုအပ်သည့်နည်းပညာများ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး