နမ္မတူ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် အရပ်ရပ်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အနေဖြင့်(၃၁)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှုတွင် ပဒေသာပင်(၅၄)ပင်၊ ပစ္စည်းနှင့်ငွေသားတန်ဖိုး တစ်ရာ့ကိုးဆယ့် ငါးသိန်းလေးသောင်းရှစ်ထောင့်ရှစ်ရာ့ငါးဆယ်ကျပ်တန်ဖိုးရှိ လှူဘွယ်ပစ္စည်းအစုစုတို့အား မြို့နယ်အတွင်း ကထိန်မရရှိသည့် ဘုန်းတော်ကြီးကျောင်း(၃၀)သို့ ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း ယခုနှစ် (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲကို နိုင်ဝင်ဘာလလဆန်း(၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်သဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် အရပ်ရပ်ဆိုင်ရာအဖွဲ့အစည်းများတက်ရောက်ခဲ့ပြီး(၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲအတွက် ပဒေသာပင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်သွားမည့်အခြေအနေများအားရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)