တာချီလိတ်မြို့နယ်၊ အ.လ.က (ဝှေလေလန်)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

တာချီလိတ် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာချီလိတ်မြို့နယ်၊ ဝှေလေလန် အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ စာပေဖတ်ရူလေ့လာခြင်းဖြင့် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ကြောင်းရှင်းလင်းပြောကြားပြီး၊ ရုပ်သံကျွမ်းကျင်(၃)ဦး မြသိန်းမှ ကျောင်းစာကြည့်တိုက်ရှင်သန်ရေးနှင့် စာပေဗဟုသုတတိုးပွားစေရေး လူငယ်နှင့်စာပေ အကြောင်းအသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တာချီလိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ပေါ်လင်းကသဘာဝ ဘေးအန္တရာယ်များ ရုတ်တရက်ကျရောက်လာနိုင်သည့်အချက်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် အရေးပေါ်ဖြေရှင်းရမည့်နည်းလမ်းများ အသိပညာပေးဟောပြောခဲ့ပြီး၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးကလေထုညစ်ညမ်းမှုအန္တရာယ်၊ ဇီဝလောင်ကျွမ်းခြင်းများ၊ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများတို့အား အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ၊ လူဦးရေ (၁၅၀) ကျော်တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု့အန္တရာယ်၊ အသိပညာပေးစာစောင်များ ခင်းကျင်းပြသထားရှိရာ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာဖတ်ရူခဲ့ကြောင်း သိရှိရသည်။

အေးအေးလတ်