ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်

လောက်ကိုင် အောက်တိုဘာ ၂၁

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာနှိုးဆော်ခြင်းကို ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ကူးစက်မှုပိုမိုများပြားလာပါ၍ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုလိုက်နာကြရန်၊ တတ်သနိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်သွားလာရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ နေထိုင်ပြောဆိုရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ အပြင်မှ ပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျဆေးကြောရန်၊ နေအိမ်ရှိပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင်ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးကာလ ၆ လနှင့်အထက်ရှိသူများ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို  ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး မြန်မာနှင့်ကိုးကန့်ဘာသာစကားများဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ အမှတ်(၁)ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြကြောင်း သိရသည်။

လောက်ကိုင်(ပြန်/ဆက်)