တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

တာမိုးညဲ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်၊ တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခေါန်မိုင်က ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဟောပြောရာတွင် အရွယ်မတိုင်မီကလေးငယ်များ လုပ်ငန်းခွင်သို့ရောက်ရှိရခြင်း၏ အဓိကအကြောင်းအရင်းများအကြောင်း၊ ကလေးငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုး တိုးတက်စေရေးဆောင် ရွက်ပေးရမည့်လုပ်ငန်းများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ် တားဆီးရမည့်အချက်များ၊ ကလေးငယ်များအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မစေခိုင်းမှုများကြိုတွေ့ရပါက ဆက်သွယ် အကူအညီ တောင်းခံရမည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို ကျောင်းသားကျောင်းသူလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် သာဓကများဖြင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြဘုတ်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

(ခေါန်မိုင်)တာမိုးညဲ