မိုင်းယုမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသ

မိုင်းယု အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက “လူငယ်များသည် မိမိတို့ဘဝ တိုးတက် အောင်မြင်ဖို့အတွက် ရည်မှန်းချက်ချမှတ်ပြီး ကြိုးစားရမည်ဖြစ်ကြောင်း၊ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာနှင့် တတိယအရွယ်မှာ တရားဘာဝနာရှာ ဆိုပြီးညွှန်းဆိုထားသကဲ့သို့ မိမိတို့၏ ငယ်ရွယ်စဉ်ကျောင်းသားဘဝ၌ လမ်းမှားသို့မရောက်ဘဲ အတန်းပညာပြီးမြောက်အောင် တစ်စိုက်မတ်မတ်ကြိုးစားရမည်ဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် နိုင်ငံ့၏အနာဂတ်ဖြစ်ကြောင်း၊ မြေအုတ်တို့ပြိုလေရာ ကျောက်ဆစ်ကျောက်သားများဖြင့် တည်ဆောက်ကြမည်ဆိုသကဲ့သို့ အသက်အရွယ်ကြီးရင့်သူများ၏ နေရာတွင် အစားထိုးဝင်ရောက်ပြီး နိုင်ငံ့တာဝန်များနှင့် ပြည်သူ့ကျိုးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အားချာ