တပ်ကုန်း အောက်တိုဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သံပုရာကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာ၏ တောင်ဘက်(၁)မိုင်ခွဲ့ခန့်တွင် အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီခန့်က ပဲခူးရိုးမဘက်မှ တောဆင်ရိုင်း (၁၀) ကောင်ခန့် ဝင်ရောက်လာခဲ့ကြောင်း၊ သံပုရာကုန်းကျေးရွာရှိ မိုးစပါးစိုက်ပျိုးခင်း(၂)ဧကနှင့် လယ်စောင့်တဲတစ်လုံးကို ဖျက်စီးခဲ့ပြီး ဝက်မြတ်ရိုး (ဒေသခေါ်) အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
အဆိုပါတောဆင်ရိုင်းများသည် နှစ်စဉ်မိုးစပါးဖြိုင်ဖြိုင်ပေါ်ထွက်ချိန်တွင် ပဲခူးရိုးမဘက်မှ တပ်ကုန်းမြို့နယ် သံပုရာကုန်းကျေးရွာအုပ်စုအတွင်းရှိ စပါးစိုက်ခင်းများအား ညဘက်ဝင်ရောက် စားသောက်လေ့ရှိပြီး၊ နံနက်အရုဏ်တက်ချိန်တွင် ဝက်မြတ်ရိုးအတွင်းသို့ ဝင်ရောက်ပုန်းခိုသွား လေ့ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။
တင်စိုးလွင်