နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့၊ အေလာ(အ.ထ.က)တွင်ကျင်းပသည့် နွားနို့တိုက်ကျွေးရေးအခမ်းအနားသို့ တက်ရောက်

လယ်ဝေး အောက်တိုဘာ ၂၀

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)တွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးအစုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးရေးအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေအတွင်း နို့စားနွားမွေးမြူရေးအစုအဖွဲ့များဖွံ့စည်းကာ နွားနို့ပေါင်းစက်များကို နိုင်ငံတော်ကပံ့ပိုးပေးပြီးတော့ အခြေခံပညာကျောင်းသားကျောင်းသူတွေကို နွားနို့တိုက်ကျွေးသည့် အစီအစဉ်ဖြစ်ပါကြောင်း၊ နွားနို့မှာ အာဟာရတန်ဖိုးများစွာပါဝင်၍ ကျန်းမာပြီး ရောဂါဘယကင်းဝေးကာ ဉာဏ်ရည်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူလေးတွေဖြစ်လာစေဖို့၊ ခန္ဓာကိုယ်ကြီးထွားပြီး ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ဓာတ်တွေပါဝင်ကာ အရိုးနဲ့သွားတွေကို ခိုင်မာစေတဲ့ ဓာတ်များပါဝင်ကြောင်း၊ နွားနို့သောက်ခြင်းအားဖြင့် ဆီးချို၊ အဝ လွန်ခြင်း၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာများဖြစ်ပွားမှုကို လျော့ချနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူလေးတွေအနေနဲ့ နွားနို့တစ်ခွက်နေ့စဉ်သောက်ခြင်းဖြင့်ကျန်မာသန်စွမ်းကာ ဉာဏ်ရည်ထက်မြက်တဲ့ အနာဂတ်ရဲ့သားကောင်းသမီးမွန်လေးများ ဖြစ်လာကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းလွင်က နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အခြေခံပညာကျောင်းများတွင် တိုက်ကျွေးနေသည့်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အေလာ(အ.ထ.က)မှ မူလတန်းကျောင်းသား၊ ကျောင်းသူ (၅၈၆)ဦးတို့အား နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)