ဇီဝမျိုးစုံမျိုးကွဲများ၏အရေးပါပုံအကြောင်း အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၂၀

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ မျိုးကွဲများ၏အရေးပါပုံနှင့် ပျက်စီးဆုံးရှုံးလာရသည့်အကြောင်းအရင်းများကို ဆွေးနွေးမေးမြန်းခဲ့ရာ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ထူးနဒီနိုင်မှ “ဇီဝမျိုးကွဲဟုဆိုရာမှာ သစ်ပင်၊ သက်ရှိလူသားများ၊ တိရစ္ဆာန်များ၊ မှိုနှင့် သေးငယ်သောဘက်တီးရီးယားများ အားလုံးပါဝင်ပါတယ်၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးလာရတဲ့အကြောင်းရင်းကတော့ မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံ၊ သစ်တောမီးလောင်ကျွမ်းမှု၊ ငလျင်လှုပ်ခြင်း၊ အစာကွင်းဆက် ပျက်စီးလာမှု၊ မျိုးစိတ်အသစ်များဖြစ်ပေါ်လာမှု၊ သဘာဝအရင်းအမြစ်များအလွန်အကျွံ ထုတ်ယူသုံးစွဲမှု၊ အလွန်အကျွံအမဲလိုက်သတ်ဖြတ်မှု၊ တားမြစ်မျိုးစိတ်တွေကိုသတ်ဖြတ်မှု၊ ဓာတုပစ္စည်းများ ပိုးသတ်ဆေးများ ဓာတုလက်နက်များ အသုံးပြုလာမှုတွေနဲ့ ပြင်ပမျိုးစိတ်သစ်များ ထိုးဖောက်ပြန့်ပွားနှောင့်ယှက်ခြင်းကြောင့် ရှိရင်းစွဲမျိုးစိတ်များ ဆုံးရှုံးလာပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ထို့နောက် ဇီဝမျိုးကွဲများမပျက်စီးရန် ကာကွယ်ထိန်းသိန်းစောင့်ရှောက်သင့်ရန် လိုအပ်ကြောင်းတို့ကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)