ဥတ္တရသီရိမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ အောက်တိုဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးသန်းဆွေက စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံရေးရာကဏ္ဍ၊ ဘဏ္ဍာရေးရာကဏ္ဍနှင့် ပညာရပ်လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးသွားမည်ဖြစ်ရာ ဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမစုစုပေါင်း (၅၁)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂ ရက်ကြာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)