မိုးကုတ် အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့နံနက်( ၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်၍ ဌာနဆိုင်ရာ(၃၆)ဦးပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းပူးပေါင်းအဖွဲ့သည် မိုးကုတ်ဒေသပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုး တက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရန်အတွက် သဒွတ်သျှိုကျေးရွာအုပ်စု၊ ကျောက်ပုတ်ကျေးရွာသို့ နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ကြောင်းကြီး(၅)ဖြစ်သည့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဟောပြောဆွေးနွေးခြင်း၊ ပြည်သူများ၏လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်ဆေးထိုးနှံပေးခြင်း၊ လျှပ်စစ်မီတာပေးဆောင်ရေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့် ဝေခြင်း၊ မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရေးဆွဲရေး၊ မြေလွတ်မြေရိုင်းကိစ္စများဆွေးနွေးခြင်း၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားထုတ်ပေးခြင်း၊ တိရစ္ဆာန်အသိပညာပေးဟောပြောခြင်း၊ ကျောင်းနေအရွယ်ကလေးများကျောင်းနေရေး၊ စိုက်ပျိုးရေးပိုးမွှားအန္တရာယ်ကာကွယ်ရေး အကြောင်းဆွေးနွေးခြင်း၊ မျိုးစေ့ထုတ်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ် ကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆွေးနွေးဟောပြောခဲ့ပြီး ဒေသခံပြည်သူ(၁၁၆)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရပါသည်။
နန်းခွာညိုနှင်း