ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဒဂုံဆိပ်ကမ်း  အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀:၀၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာသာမက ပြင်ပမှ ဗဟုသုတရရှိစေမည့် စာအုပ်များကို ဖတ်ရှုစေလိုကြောင်း၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေလိုကြောင်းအစရှိသည်တို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများက ပြသထားသောစာအုပ်၊ စာစောင်များအား ဖတ်ရှုငှားရမ်းခြင်း၊ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည်ရှုခဲ့ကြကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)