ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်  အောက်တိုဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ထားဝယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာဦးက အလိမ္မာစာမှာရှိဆိုသည့်အတိုင်း ပညာတတ် များဖြစ်အောင် ယဉ်ကျေးလိမ္မာစွာ အသိပညာပေးဟောပြောခြင်းများကို စိတ်ပါဝင်စွားစွာမှတ်သားနာယူ ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင့်ရီက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာရဲရင့်ပွဲလယ်တင့်စေရေး ကျောင်းစာ အပြင် အချိန်ကိုမှန်ကန်စွာ အသုံးချသည့် အနေဖြင့် ပြင်ပစာအုပ်၊ စာပေဖတ်ရှုပြီး အသိပညာဗဟု သုတများ ကြွယ်ဝစေကာ စဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရင့်သန်လာစေခြင်းများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် စာကြည့်တိုက်မှူးဒေါ်မိုးမိုးအေးက ခရိုင်ပြည်သူ့စာကြည့်မှ ဆောင်ရွက်ပေးလျက်ရှိသည့် အခမဲ့စာငှား ပေးခြင်း လုပ်ငန်းများအား အားရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်အသင်းဝင်ကဒ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ထားဝယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေး ဗွီနိုင်းပိုစတာများအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)