သုံးခွ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာ နိုင်၀င်းမောင်"ရေးသားသည့် "နေထိုင်မှုဟန်ပန်အသစ်ဖြင့် ဘ၀ကိုပြန်လည်တည်ဆောက်ခြင်း" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် (Women club)အဖွဲ့၀င် ဒေါ်လှိုင်သူဇာမှ" ဦးဆောင်ဆွေးနွေးသူအဖြစ် "နေထိုင်မှုဟန်ပန်အသစ်ဖြင့် ဘ၀ကိုပြန်လည်တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ဘ၀မှာ လှုပ်ရှားရုန်းကန်ရင်း လောကဓံတရားတွေကိုလည်း တွန်းထိုးတိုက်ခိုက်ပြီး ကျော်လွှားဖြတ်သန်းလာခဲ့ကြရပါကြောင်း၊ ဖြစ်ချင်တာတွေလည်း အထိုက်အလျောက် ဖြစ်ခွင့်ရခဲ့သလို မဖြစ်ချင်တာတွေလည်း ဒုနဲ့ဒေး၊ လက်ခံလာခဲ့ရတာတွေလည်းမနည်းပါကြောင်း ပြောကြားသည်။ (Youth Club)အဖွဲ့၀င်မသင်းစုမွန်က "ဘ၀နေထိုင်မှု ဟန်ပန်သစ်"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဘ၀နေထိုင်မှု ဟန်ပန်အသစ်မှာ မိမိကိုယ်ကို ပြန်လည်စစ်ဆေး သုံးသပ်ကြည့်ခြင်း၊ လန်းဆန်းတက်ကြွမှုရှိ/မရှိ ရှာဖွေကြည့်ခြင်း၊ အနားယူအပန်းဖြေမှုကို ဖြည့်တင်းခြင်းများစသည့် အကြောင်းအရာများကိုပြောကြားသည်။
ဆက်လက်၍ (youth club)အဖွဲ့၀င် မောင်သုတဇော်မှလည်း "အသစ်ပြန်လည် တီထွင်ပြုပြင်ခြင်း"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဘ၀နေထိုင်မှုဟန်ပန်ကို အပြောင်းအလဲလုပ်ဖို့ စီစဉ်စိတ်ကူးထားပြီဆိုရင် ကိုယ့်ရဲ့အမူအကျင့်တွေကို အသစ်ပြန်လည် တီထွင်ပြုပြင်ခြင်းအပိုင်းကိုလည်း ထည့်စဉ်းစားဖို့လိုအပ်ပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြသည်။
စည်သူလင်း ပြန်/ဆက်