ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ်မြောက် ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုက အဖွင့်အမှာ စကားပြော ကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ၎င်းတို့ အဆိုပြု တင်ပြပြီးလူဦးရေ စာရင်းအလိုက် ပေးအပ်ခဲ့ကြပြီး၊ စုဖွဲ့ထားရှိသည့် ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု တစ်စုချင်း အလိုက်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ တင်ပြထားသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု၊ စုစုပေါင်း (၄၅၄၃၃)စုရှိရာ၊ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၀၈၆၆၀၀၀၀) ကျပ်ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရပြီး၊ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကို၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)