ရပ်စောက် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်း ဖြင့်ဒေသခံပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ နံနက်(၇)နာရီမှ နေ့လည်(၁)နာရီအထိ မန်ကျည်းကုန်းကျေးရွာအုပ်စု၊ ဂနိုင်ကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ အောက်တိုဘာ(၁၉)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မန်ကျည်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ် အမှတ်(၄)၊ တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) နယ်လှည့်ဆေးကုသရေး အဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိူင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးစသည့် လုပ်ငန်းကိစ္စရပ် အသီးသီးအား မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ ဌာနအလိုက်သက်ဆိုင်သည့် လုပ်ငန်းများကိုဆောင်ရွက်ပေးပြီး ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံကာ မန်ကျည်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၏ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအားညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)