ဆီဆိုင် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ ဓါတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပင်စုံကျေးရွာအုပ်စု၊ ကောင်းမှုဗွာကျေးရွာအတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ စသည့် ခေါင်းစဉ် များဖြင့် အသိပညာပေးဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဓါတ်ပုံနှင့် စာအုပ်/စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)