မော်လမြိုင် အောက်တိုဘာ ၂၀
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ် သမဝါယမ ဦးစီးဌာန၊ မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးသင်တန်းကျောင်းမှ အမှုထမ်းများ အခြေခံ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းဆင်းပွဲတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်နှင့် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်သမဝါယမ အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဆိုင်ကယ်စီးဦးထုပ် ဆောင်းရာတွင် လိုက်နာရမည့် အကြောင်းအရာများ၊ မော်တော်ဆိုင်ကယ် အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့် အချက် ၁၀ ချက်၊ နောက်မှ ထိုင်စီးသူများ ဂရုစိုက်ရမည့် နည်းလမ်းများ၊ လက်ကိုင်ဖုန်း သုံးစွဲ၍ မောင်းနှင်းခြင်း မပြုကြရန်၊ ယာဉ်တိုက် ခိုက်မှု၊ ယာဉ်တိမ်းမှောက်မှုနှင့် သက်ဆိုင်သည့် ပြစ်မှုများအား လည်းကောင်း၊ စားသုံးသူရေးရာ ဉီးစီးဌာန ဦးစီးအရာရှိက စားသုံးသူပြည်သူများ အနေဖြင့် အန္တရာယ်မဖြစ်စေရန် အတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များကို လည်းကောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)