မိုင်းယုမြို့၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယု အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သူများ၏ အတွေ့အကြုံ အပြန်အလှန်ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်သူများ၏ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက “စာဖတ်ရာတွင် စာအုပ်အရေအတွက် မည်မျှဖတ်နိုင်သည်မှာ မိမိအတွက်အရေးမကြီးကြောင်း စာဖတ်ရာ၌ အပေါ်ယံသာဖတ်ခြင်းမျိုးမဟုတ်ဘဲ စာကောင်းပေမွန်၏ အနှစ်သာရများ၊ စာရေးသူ၏ စာဖတ်ပရိတ်သတ်အတွက် ပေးချင်သည့် စာဖတ်ခြင်း၏ အကျိုးကိုသိရှိနိုင်ရန် စာဖတ်သင့်ကြောင်း၊ သုတစာပေနှင့် ရသစာပေ၏ ကွဲပြားမှုအကြောင်းနှင့် စာဖတ်ပရိတ်သတ်တစ်ဦးတစ်ယောက်မှစ၍ လူတိုင်းစာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူသင့်ကြောင်း၊ ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်ရာ စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အသင်းဥက္ကဋ္ဌ ဦးစိုင်းလှသက်နှင့် အဖွဲ့ဝင်များက စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် “အခွင့်အလမ်းကို တွေ့အောင်ရှာ မိအောင်ဖမ်း” စာအုပ်မှ “ကံကောင်းခြင်းသည်အခွင့်အလမ်း ရှာဖွေသူများထံသို့ ရောက်လာကြသည်”၊ “အခွင့်အလမ်းနှင့် ကံတရား”၊ “အသိပညာသစ်”နှင့်“အခွင့်အလမ်းနှင့်ဆုံးရှုံးမှု” စသည့် အကြောင်းအရာများကိုဖတ်ကြားပြီး စာဖတ်ပရိတ်သတ်များ အပြန်အလှန်ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။

အားချာ