မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ၊ပြိုင်ပွဲများကျင်းပ

မြစ်သား အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ၊ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြိုင်ပွဲ၊ပြပွဲများကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်မှလည်း စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ အများရှေ့တွင် ပြောရဲဆိုရဲသောသတ္တိများရှိလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာမူလတန်းအဆင့် မြို့မအနောက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ စာဖတ်စွမ်းရည်ပြိုင်ပွဲ၌ “ကလေးတို့အတွက် မြန်မာစကားပုံများ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၅)ဦးတို့မှလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် “ငယ်ရွယ်သောကလေး များ တို့ခိုင်းမစား” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၇)ဦးတို့မှလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်စာအုပ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများသို့ တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက (Community Centre) ခန်းမတွင် ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မြို့နယ်တွင်းလှုပ်ရှားဆောင်ရွက်မှုများနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး