သီပေါ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်စောက်မိန်းကျေးရွာတွင် အာဆီယံ သပြေပန်းပင်များ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အာဆီယံသပြေပန်းကို ၁ပေ ပတ်လည်ကျင်းတူး၍ မြေဆွေးထည့်ကာ ၃ပေခြား စိုက်ပျိုးရကြောင်း၊ တစ်ရက်လျှင် တစ်ကြိမ်ပုံမှန်ရေလောင်းပေးရကြောင်း၊ အပင်သက်တမ်းတစ်နှစ်ကျော်လျှင် ပန်းချိုး ပြီး ရောင်းချနိုင်ကြောင်း၊ ဧကဝက်ကျယ်ဝန်းသော ခြံဝင်းအတွင်း အပင်ပေါင်း(၂၀၀)ကျော် စိုက်ပျိုးထားရာ အပင် သက်တမ်း(၄)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ သပြေပန်းများကို သီပေါမြို့ ဝက်ဝံ ယာယီပျံကျဈေးနှင့် ပန်းရောင်းချသူ များထံသို့အခက်(၅)ခက်ပါတစ်စည်းကိုငွေကျပ်(၄၀၀)နှုန်းဖြင့် ပုံမှန်ပေးသွင်းလျက်ရှိရာ တစ်နေ့လျှင်အစည်း (၃၀)ခန့်ရောင်းချရကြောင်းနှင့် နေ့စဉ်ဝင်ငွေများ ရရှိလျက်မိသားစုစီးပွားရေး အတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူ များစွာရရှိကြောင်း ပန်စောက်မိန်းကျေးရွာရှိ အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူ ဦးဇော်ဇော်အောင်က ပြောကြား ခဲ့သည်။
သပြေပန်းသည် ဗုဒ္ဓဘာသာဝင်များတန်ဖိုးထားကြသော ပန်းဖြစ်သည့်အတွက် အချို့က ဘုရားပန်း အဖြစ် ကပ်လှူပူဇော်နိုင်ရန်နှင့် အလှပန်းအနေဖြင့် မိမိတို့အိမ်ခြံဝင်းအတွင်းတွင် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းနှင့် အချို့က စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)