သိန္နီ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးငွေများနှင့် လူမှုထောက်ပံ့ကြေးများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မြို့နယ် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းဝင်ထားသော အသင်းသူ၊ အသင်းသားများအား ၎င်းတို့၏ စုဆောင်းထားရှိသော ငွေပမာဏနှုန်းထားအပေါ် မူတည်၍ ရရှိသောအတိုးငွေများကို ထုတ်ပေးခြင်းနှင့် လူမှုထောက်ပံ့ကြေးအနေဖြင့် အသင်းသားတစ်ဦးလျှင် ဆီ ၁ပိဿာ၊ ကြက်သွန်နီ ၁ပိဿာနှင့် ဆား ၁ပိဿာတို့အား ဌာန/ကျောင်းများအလိုက် ထုတ်ပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းဝင် (၅၁၂) ဦးရှိပြီး အသင်းသားများ၏ အတိုးငွေများကို (၆)လလျှင် တစ်ကြိမ် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း၊ ယခုထုတ်ပေးခြင်းသည် ၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ရရှိသော အတိုးငွေများ ဖြစ်ကြောင်းနှင့် အသင်းသားများအတွက် အတိုးငွေများအပြင် လူမှုရေးကိစ္စများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ မီးဖိုချောင်သုံး ပစ္စည်းများဖြစ်သော ဆီ၊ ကြက်သွန်နီနှင့် ဆားများကိုလည်း ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)