မိုင်းဖြတ်မြို့နယ်၌ နေကြာသီးနှံစိုက်ပျိုးမှု ကွင်းလက်တွေ့ပြသခြင်းနှင့် တောင်သူများအား နေကြာသီးနှံ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မိုင်းဖြတ် အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နေကြာသီးနှံစိုက်ပျိုးမှုများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ  ယမန်နေ့ ၉နာရီက နေကြာသီးနှံစိုက်ပျိုးခြင်း ကွင်းအတွင်းလက်တွေ့ ပြသစိုက်ပျိုးခြင်းနှင့် နေကြာသီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းကို ဟောင်ဟင်ကျေးရွာရှိ ကွင်းအမှတ် (၂၆) စိုက်ပျိုးမြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်စွာဝင်းက နေကြာသီးနှံစိုက်ပျိုးရာတွင် သီးညှပ်၊ သီးထပ်၊ သီးသန့်စိုက်ပျိုးနိုင်ကြောင်း၊  မြို့နယ်အတွင်း စိုက်ပျိုး ရာတွင် ရေမြေအနေထားအရ ရေဆင်း-၁နေကြာမျိုးကို စိုက်ပျိုးကြောင်း၊ စိုက်ပျိုးနည်းစနစ်အနေဖြင့် ထယ်ရေးနက်နက်၊ ထွန်ရေးညတ်ညတ် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သီးနှံတစ်ဧက စိုက်ပျိုးမှုအပေါ် ကုန်ကျစရိတ်၊ အထွက်နှုန်းနှင့် ဆီထွက်နှုန်းထားများရရှိခြင်းတို့ကို ရှင်းလင်းအသိပညာပေးခဲ့သည်။ ထို့နောက် တောင်သူ များက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဝန်ထမ်းများက ကွင်းအတွင်း နေကြာသီးနှံစိုက်ပျိုးခြင်းကို လက်တွေ့ပြသခဲ့ သည်။

ဆက်လက်၍ ကျိုင်းတုံမြို့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့်တာဝန်ရှိသူများက ဝမ်နောင်ကျေးရွာ၊ ဝမ်ပုံကျေးရွာများမှ တောင်သူများအား နေကြာ သီးနှံမျိုးစေ့များကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး